fbpx

BODs Duties, Power and Responsibilities

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းထားရှိခြင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက် (၉/၂၀၁၉) နှင့် အညီ Abank ၏ BOD အဖွဲ့အား အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး သီးခြားလွတ်လပ်သောဒါရိုက်တာ (Independent Director) (၂)ဦး ပါဝင်ပါသည်။

ဒါရိုက်တာအဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများ
ဒါရိုက်တာအဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က( ဘဏ်တွင်ပါဝင်သူအစုရှင်များ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှ ဆောင်ရွက်ရန် ပေးအပ်သည့် လုပ်ငန်းတာဝန်များအပြင် ဘဏ်က ဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအားလုံးကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ ဒါရိုက်တာအဖွဲ့သည် ကျင့်သုံးဆောင်ရွက်ရမည်။
(ခ) ဒါရိုက်တာအဖွဲ့သည် ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် ငွေရေး‌ကြေးရေး အားကောင်းခိုင်မာမှု၊ အရေးကြီးသော ဝန်ထမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်၊ လုပ်ငန်း ဖွဲ့စည်းပုံ၊ စီမံအုပ်ချုပ်မှု မူဘောင်နှင့်အလေ့အထ၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် လိုက်နာဆောင်ရွက်မှုဆိုင်ရာ တာဝန်များကို ချမှတ်ဆောင်ရွက်ရန် အလုံးစုံတာဝန် ရှိသည်။
(ဂ) ဒါရိုက်တာအဖွဲ့သည် အဆိုပါတာဝန်ရှိမှုများကို ဆောင်ရွက်ရာတွင် ငွေအပ်နှံသူများ၊ အစုရှယ်ယာရှင်များနှင့် အခြားအကျိုးစီးပွားသက်ဆိုင်သူများ အားလုံး၏ တရားဝင် အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားရမည်။ ဒါရိုက်တာအဖွဲ့သည် ဘဏ်အား ၎င်း၏ကြပ်မတ်ကွပ်ကဲသူများနှင့် ထိရောက်ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း သေချာစေရန် တာဝန်ရှိသည်။
(ဃ) ဒါရိုက်တာအဖွဲ့သည် ၎င်း၏ဆောင်ရွက်ရန်လုပ်ငန်းကိစ္စများကို ကိုယ်စားဆောင် ရွက်ရန် သင့်လျော်သည့် အောက်ဖော်ပြပါ ကော်မတီများအပါအဝင် သီးသန့်ရည်ရွယ် ချက်များဖြင့် ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ ဖြစ်စေ ဖွဲ့စည်းနိုင်သည်-
(၁( ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီ၊
(၂) ချေးငွေကော်မတီ၊
(၃) လစာချီးမြှင့်ရေးကော်မတီ၊
(၄) စာရင်းစစ်ကော်မတီ၊
(၅) ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကော်မတီ။
(င) ဒါရိုက်တာအဖွဲ့သည် ဘဏ်၏ဖွဲ့စည်းပုံကို ရေးဆွဲထားရှိရမည်။
(စ) ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ခံမှုများတွင် အောက်ပါတို့ပါဝင်ရမည်-
(၁) ဘဏ်၏လုပ်ငန်းနှင့် ပြင်ပဝန်းကျင်တွင် အရေးကြီးသော ပြောင်းလဲမှုများ ကို မျက်ခြေမပြတ် ကြည့်ရှုနေရမည်ဖြစ်ပြီး ဘဏ်၏ ရေရှည်အကျိုးစီးပွား ကို ကာကွယ်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ လိုအပ်သော ပြောင်းလဲမှုများ ကို ချမှတ်ဆောင်ရွက်ရမည်၊
(၂) ဘဏ်၏လုပ်ငန်းရည်ရွယ်ချက်များနှင့် မဟာဗျူဟာတိုးတက်မှု အခြေအနေ ကို စောင့်ကြပ်ကြည့်ရှု၍ အတည်ပြုရမည်ဖြစ်ပြီး ၎င်းတို့အား အကောင် အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်စစ်ဆေးခြင်း ပြုရမည်၊
(၃) ဘဏ်၏အဖွဲ့အစည်း(ကော်ပိုရိတ်)ဆိုင်ရာ ဓလေ့ထုံးစံနှင့် တန်ဖိုးများကို တည်ဆောက်ရာတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရမည်၊
(၄) ဘဏ်၏ စီမံအုပ်ချုပ်မှု မူဘောင်ကို အကောင်အထည်‌ဖော် ဆောင်ရွက်မှု အား စောင့်ကြပ်ကြည့်ရှုနေရမည်ဖြစ်ပြီး အဆိုပါ အုပ်ချုပ်မှုမူဘောင်သည် အရေးကြီးသော ပြောင်းလဲမှုများဖြစ်သည့် ဘဏ်၏အရွယ်အစား၊ လုပ်ငန်း ၏ ခက်ခဲရှုပ်ထွေးမှု၊ ပထဝီဒေသဆိုင်ရာတည်ရှိမှု၊ လုပ်ငန်းဆိုင်ရာ မဟာဗျူ ဟာ၊ စျေးကွက်အနေအထားနှင့် ကြပ်မတ်ကွပ်ကဲရေးဆိုင်ရာ လိုအပ်ချက် များအရ လိုက်လျောညီထွေ ရှိ မရှိကို အခါအားလျော်စွာ ပြန်လည် သုံးသပ် ရမည်။
(၅) ဘဏ်လုပ်ငန်းကဏ္ဍတွင် ယှဉ်ပြိုင်မှုနှင့် ကြပ်မတ်ကွပ်ကဲမှုဆိုင်ရာ အခြေအနေနှင့် ဘဏ်၏ ရေရှည်အကျိုးစီးပွား၊ ဆုံးရှုံးနိုင်ခြေ ဖော်ထုတ် ခြင်းနှင့် ဆုံးရှုံးနိုင်ခြေကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည့် စွမ်းရည်တို့ကို ထည့်သွင်းစဉ်းစား၍ ဘဏ်မှလက်ခံလိုသည့် ဆုံးရှုံးနိုင်ခြေကို ဘဏ်၏ အရာရှိများနှင့်အတူ သတ်မှတ် ထားရှိရမည်။
(၆) ဘဏ်၏ ဆုံးရှုံးနိုင်မှု မူဝါဒနှင့် ဆုံးရှုံးခံနိုင်မှု အတိုင်းအတာတို့အပေါ် ဘဏ်၏ ထိန်းသိမ်းလိုက်နာမှုအား စောင့်ကြပ်ကြည့်ရှုရမည်၊
(၇) ဘဏ်၏ မတည်ငွေရင်းလုံလောက်မှုအား စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်၊ မတည်ငွေရင်းနှင့် ငွေကြေးလွယ်ကူမှုအစီအမံများ၊ လိုက်နာဆောင်ရွက်မှု မူဝါဒနှင့် တာဝန်ဝတ္တရားများ၊ ဘဏ်တွင်း ထိန်းချုပ်ကွပ်ကဲမှုစနစ်များနှင့် စပ်လျဉ်းသည့် မူဝါဒများကို အတည်ပြုခြင်းနှင့် အဓိကမူဝါဒများနှင့် စည်းမျဉ်းများ အကောင်အထည်ဖော်ခြင်းတို့ကို စောင့်ကြပ်ကြည့်ရှုရမည်၊
(၈) အဓိကကျသောမူဝါဒများနှင့် စည်းမျဉ်းများကို ဆက်လက်ကျင့်သုံးနိုင်ခြင်း ရှိ မရှိနှင့် လိုအပ်သည့်နေရာတွင် ပြောင်းလဲခြင်း သို့မဟုတ် ခေတ်နှင့် လျော်ညီ စေရန် ပြုလုပ်ခြင်း ရှိ၊ မရှိကို သေချာစေရန် အခါအားလျော်စွာ ပြန်လည် သုံးသပ်ရမည်၊
(၉) ဘဏ်အား စာရင်းနှင့်ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များကို ထောက်ကူစေမည့် ခိုင်မာသော ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ထိန်းသိမ်းထားရှိစေရမည်၊
(၁၀) နှစ်ပတ်လည် (နှစ်ချုပ်) ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုခြင်းနှင့် ဘဏ်အား လွတ်လပ်သော နှစ်ပတ်လည် (နှစ်ချုပ်) စာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်စေရမည်။
(၁၁) အမှုဆောင်အရာရှိချုပ်နှင့် အခြားအရာရှိများကို ရွေးချယ်ခြင်းနှင့် ယင်းတို့၏ စွမ်းဆောင်မှုများကို အတည်ပြုရမည်။
(၁၂) အမှုဆောင်များ၏ အခကြေးငွေကို စောင့်ကြည့်စစ်ဆေးခြင်း၊ ပြန်လည် သုံးသပ်ခြင်းနှင့် ၎င်းအခကြေးငွေသည် ဘဏ်၏ ဆုံးရှုံးနိုင်ခြေ အလေ့အထ နှင့် လက်ခံလိုသည့် ဆုံးရှုံးနိုင်ခြေများအရ ချိန်ညှိထားခြင်း ရှိ၊မရှိ အကဲဖြတ်ခြင်းများ အပါအဝင် လစာနှင့် အကျိုးခံစားခွင့်များအပေါ် ဘဏ်၏ မူဝါဒများကို စောင့်ကြပ်ကြည့်ရှုရမည်။
(၁၃) လိမ်လည်မှုများနှင့် အခြား တရားမဝင် ဆောင်ရွက်ချက်များအား အစီရင်ခံ တင်ပြနိုင်ရန်အတွက် ဘဏ်၏မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ၏ ခိုင်မာမှု၊ လွတ်လပ်မှုနှင့် ထိရောက်မှုတို့ကို စောင့်ကြပ်ကြည့်ရှုရမည်။
(၁၄) ဆက်နွယ်သူများနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဘဏ်၏မူဝါဒများအား ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် အတည်ပြုခြင်း များကို စောင့်ကြပ်ကြည့်ရှုရမည်။
(၁၅) ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ယင်းဥပဒေအရ ထုတ်ပြန်သည့် စည်းမျဉ်းများနှင့် ညွှန်ကြားချက်များအား ဘဏ်၏လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုရမည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေးများကျင်းပခြင်း
ဒါရိုက်တာအဖွဲ့အစည်းအဝေးများကို အောက်ပါအတိုင်းကျင်းပရမည်-
)က( ဒါရိုက်တာအဖွဲ့အစည်းအဝေးများကို တစ်နှစ်လျှင် အနည်းဆုံး ၁၂ ကြိမ် ကျင်းပရ မည်ဖြစ်ပြီး အစည်းအဝေးနှစ်ခုအကြားကာလသည် နှစ်လထက် မပိုရ၊
( ခ ဥက္ကဋ္ဌသည် အနည်းဆုံး ဒါရိုက်တာသုံးပုံနှစ်ပုံက အစည်းအဝေးကျင်းပပေးရန် စာဖြင့် ရေးသားတောင်းဆိုပါက မည်သည့်အချိန်မဆို အစည်းအဝေးကို ခေါ်ယူကျင်းပနိုင် သည်၊
(ဂ) ဒါရိုက်တာအဖွဲ့အစည်းအဝေးများကို ဥက္ကဋ္ဌက ကြီးမှူးကျင်းပရမည်၊
(ဃ) ဥက္ကဋ္ဌအစည်းအဝေးတက်ရောက်ရန် ပျက်ကွက်သည့်အခါ အစည်းအဝေး တက်ရောက်သည့် ဒါရိုက်တာအများစုမှ ရွေးချယ်သည့်ဒါရိုက်တာတစ်ဦးက အစည်း အဝေးကို ကြီးမှူးကျင်းပရမည်၊
(င) အမှုဆောင်မဟုတ်သည့် သီးခြားလွတ်လပ်သောဒါရိုက်တာ အနည်းဆုံးတစ်ဦး အပါအဝင် ဒါရိုက်တာအဖွဲ့၏ အဖွဲ့ဝင်ထက်ဝက်တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်။
(စ) ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် အများစု၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပြီး မဲအရေအတွက် တူညီနေပါက ဥက္ကဋ္ဌတွင် ဆုံးဖြတ်ပိုင်ခွင့် မဲရှိသည်။
(ဆ) အစည်းအဝေးသို့တက်ရောက်သည့်ဒါရိုက်တာများ၏အမည်များနှင့် ချမှတ်သော အဆုံးအဖြတ်များ ပါဝင်သည့် အစည်းအဝေးမှတ်တမ်းကို မှတ်တမ်းတင်ထားရမည် ဖြစ်ပြီး အဆိုပါအစည်းအဝေးမှတ်တမ်းတွင် အစည်းအဝေးတက်ရောက်သည့် ဒါရိုက်တာ အားလုံးက လက်မှတ်ရေးထိုးရမည်၊
(ဇ) အစည်းအဝေးမှတ်တမ်းတွင် ဒါရိုက်တာအဖွဲ့ဝင်မဟုတ်သည့် အစည်းအဝေး တက်ရောက်သူများ၏ အမည်များလည်း ပါဝင်ရမည်၊
(စျ) ဒါရိုက်တာတစ်ဦးသည် လုံလောက်သော အကြောင်းပြချက်မရှိလျှင် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအားလုံးကို တက်ရောက်ရမည်၊
(ည) လုံလောက်သောအကြောင်းပြချက်နှင့် ကြိုတင်အကြောင်းပြချက်မရှိဘဲ အစည်း အဝေးကို သုံးကြိမ်ဆက်တိုက်ထက်ပို၍ ပျက်ကွက်သော ဒါရိုက်တာတစ်ဦး၏နေရာ ကို လစ်လပ်သည်ဟု မှတ်ယူရမည်၊
(ဋ) အစည်းအဝေးမှတ်တမ်းတွင် အစည်းအဝေး၌ ချမှတ်သောဆုံးဖြတ်ချက်နှင့် ဆန့်ကျင် ကွဲလွဲသည့် အမြင်သဘောထားအားလုံးကို မှတ်တမ်းတင် ထားရှိရမည်၊
ဒါရိုက်တာများသည် အောက်ပါနည်းလမ်း တစ်ရပ်ရပ်ဖြင့် တွေ့ဆုံဆွေးနွေးနိုင်သည်-
(က) လူကိုယ်တိုင်ဖြစ်စေ။
(ခ) တယ်လီဖုန်းဖြင့် ဖြစ်စေ။
(ဂ) ရုပ်မြင်သံကြား နည်းပညာဖြင့် တွေ့မြင်ပြောဆို၍ ဖြစ်စေ။
(ဃ) အခြားတိုက်ရိုက် ဆက်သွယ်ရေး ကြားခံပစ္စည်းများဖြင့် ဖြစ်စေ။

ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် တက်ရောက်ကြောင်း မှတ်ယူခြင်း
ဒါရိုက်တာအဖွဲ့အစည်းအဝေးကို တယ်လီဖုန်းဖြင့်လည်းကောင်း၊ ရုပ်မြင်သံကြား နည်းပညာ ဖြင့်လည်းကောင်း၊ အခြားဆက်သွယ်ရေး ကြားခံပစ္စည်းဖြင့်လည်းကောင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး တက်ရောက်သူအားလုံး၏ ပြောဆိုဆွေးနွေးချက်များကို ကြားနိုင်စွမ်းရှိပြီး ကြားသိခဲ့ပါက ဒါရိုက်တာသည် ထိုအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း မှတ်ယူသည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေးကျင်းပရန်နေရာ
ဒါရိုက်တာအဖွဲ့အစည်းအဝေးကို တယ်လီဖုန်းဖြင့်လည်းကောင်း၊ ရုပ်မြင်သံကြားနည်းပညာ ဖြင့်လည်းကောင်း၊ အခြားဆက်သွယ်ရေးကြားခံပစ္စည်းဖြင့်လည်းကောင်း ဆောင်ရွက်ခြင်း ဖြစ်လျှင် ဒါရိုက်တာအဖွဲ့ အစည်းအဝေးလုပ်ရန် သဘောတူညီသည့်နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရမည်။ အစည်းအဝေးများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြင်ပ တွင်လည်း ကျင်းပနိုင်သည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် မဲပေးဆုံးဖြတ်ခြင်း
ဒါရိုက်တာများသည် မိမိတို့သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း လုပ်ငန်း ဆောင်ရွက်ရေး အတွက် အတူတကွ စည်းဝေးနိုင်၍ မိမိတို့၏ အစည်းအဝေးများကို ရွှေ့ဆိုင်းခြင်းနှင့် အခြားနည်းဖြင့် သတ်မှတ်လျက် အစည်းအဝေးများ ပြုလုပ်နိုင်သည်။ မည်သည့် အစည်း အဝေးတွင်မဆို ပေါ်ပေါက်လာသော ပြဿနာများကို တက်ရောက်သူ ဒါရိုက်တာတစ်ဦး လျှင် တစ်မဲစနစ်ကျင့်သုံးလျက် မဲများရာဖြင့် ဆုံးဖြတ်ရမည်။ ထိုသို့ ဆုံးဖြတ်ရာ၌ မဲအရေ အတွက်ချင်းတူညီနေသည့် ကိစ္စရပ်၌ ဥက္ကဋ္ဌသည် ဒုတိယ သို့မဟုတ် ဆုံးဖြတ်မဲ ပေးပိုင်ခွင့် ရှိရမည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေးကျင်းပရန် အကြောင်းကြားခြင်း
ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတိုင်းအတွက် အကြောင်းကြားစာအား ဒါရိုက်တာတိုင်းကို ပေးပို့ အကြောင်းကြားရမည်ဖြစ်ပြီး၊ ထိုသို့ ပေးပို့ရန် ပျက်ကွက်ခြင်း သို့မဟုတ် လက်ခံရရှိမှု မရှိခြင်းကြောင့် အစည်းအဝေးကျင်းပခြင်းကို တရားမဝင်ပျက်ပြယ်စေခြင်း မရှိစေရ။

ဒါရိုက်တာအဖွဲ့အစည်းအဝေးထမြောက်ရန် အနည်းဆုံး လိုအပ်သောဦးရေ
အစည်းအဝေးစတင်ချိန်တွင် အစည်းအဝေးအထမြောက်ရန် လိုအပ်သောဦးရေ တက်ရောက် ခြင်းမရှိပါက ယင်းဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် စီးပွားရေးလုပ်ငန်းကိစ္စများ ဆုံးဖြတ် ဆောင်ရွက်ခွင့် မရှိပါ။ ဒါရိုက်တာများ၏ လုပ်ငန်းဆောင်ရွက်မှု အစည်းအဝေးတွင် အထမြောက်စေရေးအတွက် အမှုဆောင်မဟုတ်သည့် သီးခြားလွတ်လပ်သောဒါရိုက်တာ အနည်းဆုံးတစ်ဦးအပါအဝင် ဒါရိုက်တာအဖွဲ့၏ အဖွဲ့ဝင်ထက်ဝက် တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်။
ဒါရိုက်တာအဖွဲ့အစည်းအဝေးအစတွင် အနည်းဆုံးလိုအပ်သောဦးရေပြည့် တက်ရောက်ပါက ဒါရိုက်တာတစ်ဦးက အစည်းအဝေးနောက်ပိုင်း တက်ရောက်ရန် ပျက်ကွက်ခြင်းအကြောင်း တစ်ခုခုကြောင့် မဲမပေးဘဲနေခြင်းရှိသော်လည်း အစည်းအဝေး တစ်လျှောက်လုံးတွင် အနည်းဆုံး ဦးရေပြည့် တက်ရောက်ကြောင်း မှတ်ယူမည်ဖြစ်သည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေး ဥက္ကဋ္ဌ
ဒါရိုက်တာအဖွဲ့သည် အစည်းအဝေးတွင် ဥက္ကဋ္ဌကို ရွေးချယ်တင်မြောက်နိုင်ပြီး ယင်း၏ သက်တမ်း ကိုလည်း သတ်မှတ်ပေးရမည်။ ဒါရိုက်တာအဖွဲ့အစည်းအဝေးများကို ဥက္ကဋ္ဌက ကြီးမှူးကျင်းပရမည်။ ဥက္ကဋ္ဌ အစည်းအဝေးတက်ရောက်ရန် ပျက်ကွက်သည့်အခါ အစည်းအဝေးတက်ရောက်သည့် ဒါရိုက်တာအများစုမှ ရွေးချယ်သည့် ဒါရိုက်တာတစ်ဦးက အစည်းအဝေးကို ကြီးမှူးကျင်းပရမည်။

မဲအများစုဖြင့် ဆုံးဖြတ်ရမည့် ကိစ္စရပ်များ
ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် တင်ပြလာသော မေးခွန်းများ၊ အဆိုပြုဆုံးဖြတ်ချက်များ ကို တက်ရောက်လာသည့် ဒါရိုက်တာအဖွဲ့၏မဲအများစုဖြင့် ဆုံးဖြတ်ရန်ဖြစ်ပြီး ပေးသည့်မဲ အရေအတွက် တူညီနေပါက ဥက္ကဋ္ဌသည် ဒါရိုက်တာအဖြစ် မဲပေးပိုင်ခွင့်ရှိသည့်အတိုင်း အဆုံးအဖြတ်မဲကို ပေးရမည်။

ဆုံးဖြတ်ချက်ကို စာဖြင့်ရေးသားခြင်း
ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် အတွင်းရေးမှူး သို့မဟုတ် ဒါရိုက်တာအဖွဲ့မှ တာဝန်ပေးအပ်ခံထားရသည့် ပုဂ္ဂိုလ်မှ မှတ်တမ်းတင် လက်မှတ်ရေးထိုး၍ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရမည်။
ဒါရိုက်တာအဖွဲ့အစည်းအဝေး ကျင်းပခြင်း မရှိသည့်အချိန်တွင် ဆုံးဖြတ်ချက် အတွက် မဲ ပေးခွင့်ရှိသည့် ဒါရိုက်တာအဖွဲ့ဝင်အားလုံးက စာရွက်စာတမ်းတွင် ဖော်ပြထားသော ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း စာရွက်စာတမ်းတွင် လက်မှတ်ရေးထိုးကာ ဆုံးဖြတ် ချက်ကို ထုတ်ပြန်နိုင်သည်။ ထိုစာရွက်စာတမ်း၏ မိတ္တူနှင့် သတင်းအချက်အလက်များ ပူးတွဲဖော်ပြ၍ ဒါရိုက်တာအဖွဲ့ဝင်အားလုံးသို့ လက်မှတ်ရေးထိုးရန် ဖြန့်ဝေရမည်။ ဒါရိုက်တာအဖွဲ့ဝင် အားလုံးက လက်မှတ်ရေးထိုးပြီးချိန်တွင် ဆုံးဖြတ်ချက် ချမှတ်လိုက် သည်ဟု မှတ်ယူရမည်။
(မှတ်ချက်။ ။ Abank ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ အခန်း (၁၈) တွင် ဖော်ပြထားချက်များမှ ကောက်နုတ်ချက် ဖြစ်ပါသည်။)