fbpx

ဦးဇော်ဝင်းရှိန်

ဦးဇော်ဝင်းရှိန်သည် အသက် (၁၆)နှစ်အရွယ်မှ စတင်၍ ကူးသန်းရောင်းဝယ်ရေး နှင့် ကုန်သွယ် ရေးလုပ်ငန်းများတွင် ကျွမ်းကျင်လာစေရန် ဖခင်ဦးဆောင်သည့် မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သော ဆန်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အလူမီနီယမ် လုပ်ငန်းအား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စပ်တူလုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း အား စတင်ခဲ့ပါသည်။ တဆက်တည်းတွင်ပင် ဧရာဟင်္သာရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်အား တည်ထောင်၍ ဆန်စပါးရောင်းဝယ်တင်ပို့ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဧရာဟင်္သာရောင်းဝယ်ရေးကုမ္ပဏီလီမိတက်သည် နှစ်အနည်းငယ် အတွင်းမှာပင် မြန်မာပြည်၏ အကြီးမားဆုံးဆန်တင်ပို့နိုင်သည့် ကုမ္ပဏီစာရင်းဝင် ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏စီးပွားရေး လုပ်ငန်းများအားလုံးကို စုစည်း၍ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့ပါသည်။ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများအား ပေးနိုင်ရန်အတွက် ဝိတိုရိယဆေးရုံ အား လုပ်ငန်းရှင်တစ်ဦး နှင့် ပူးပေါင်း၍ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌တည်ထောင်ခဲ့ကာ ယခုအချိန်တွင် မြန်မာနို်ငငံ၏ ထိပ်တန်းဆေးရုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ထိုအချိန်မှစ၍ ဧရာဟင်္သာ ကုမ္ပဏီများအုပ်စု သည် အောင်မြင်တိုးတက်လာခဲ့ကာ ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်စက်မှုမြို့တော်အား တည်ထောင်နိုင်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် စတင် တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ပါသည်။
ဦးဇော်ဝင်းရှိန်သည် ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်၏ ဦးဆောင်တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်ပြီး ကုမ္ပဏီမှ အဓိကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ဘဏ်နှင့်ငွေရေကြေးရေး ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးအားအခြေခံသည့် စီးပွားရေးလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများတွင် အဓိက ရင်းနှီးမြှပ်နှံ လုပ်ကိုင် လျက်ရှိပါသည်။
ဦးဇော်ဝင်းရှိန်သည် လုပ်ငန်းစုအတွက် အင်တိုက်အားတိုက် ဦးဆောင်မှုပြုရင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားလျက် ရှိပါသည်။